စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ယနေ့ သွားရောက်သည်။
ဗိုလ်ချုပ်မှူးကြီးသည် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံကာ လက်ရှိနှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုများကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ပြည်တွင်းရေး အခြေအနေများနှင့် သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်မည်ဟု တရုတ်နိုင်ငံ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
TS-Family-arrived-Cn
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် မိသားစု တရုတ်နိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် ဘေဂျင်း လေဆိပ်သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ - Reuters)
ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ပြီး ဒေသတွင်း အရေးနှင့် နိုင်ငံတကာ အရေးများတွင် အမြင်ချင်း ဖလှယ်မှုများကို ပြုလုပ်မည် ဟုလည်း ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကို စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ အရာရှိတဦးက “ဒီလိုအချိန်မှာတော့ တရုတ်နဲ့ပေါင်းပြီး ဖိအားပေးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက UWSA အဖွဲ့၏ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့ရှိ အစိုးရ၀န်ထမ်းများကို နအဖ စစ်အာဏာပိုင်များက နေရပ်သို့ ပြန်ခိုင်းခဲ့သည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တွင် နယ်စပ် တိုင်းရင်းသားများ၏အရေး၊ လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခြေအနေတို့အပြင် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေး နိုင်သည်ဟု သုံးသပ်သည်။
ထို့အပြင် မကြာမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်အစိုးရ၏ စိုးရိမ်မှုကို သွားရောက် နှစ်သိမ့်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက ဆက်လက်ရှင်းပြသည်။
ဗိုလ်ချုပ်မှူးကြီးနှင့်အတူ စစ်ဘက်၊ အရပ်ဘက် အစိုးရအရာရှိကြီး ၃၄ ဦးလိုက်ပါသွားသည်ဟု ဂျာမန်သတင်းဌာနတခု ဖြစ်သည့် DPA က ရေးသားဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးသည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်နေသည့် “၂၀၁၀ ရှန်ဟိုင်း” ကုန်စည်ပြပွဲနှင့် ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်ကျင်း အထူးကုန်သွယ်ရေးဇုန်ကိုလည်း သွားရောက်မည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် ၁၅ ချက် လက်မှတ်ရေးထိုးခဲ့ပြီး ရခိုင်ကမ်းလွန်ဒေသမှ ထွက်သည့် သဘာဝဓာတ်ငွေ့ များကို သယ်ယူမည့် ပိုက်လိုင်းစီမံကိန်း၊ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်းစသည့် ကဏ္ဍတို့ ပါဝင်သည်။
ဝမ်ကျားပေါင်၏ ခရီးစဉ်တွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသော အပြည်ပြည်ဆိုင်ရာ ညီလာခံ ခန်းမ လွှဲပြောင်းပေးခြင်း အခမ်းအနားကို နှစ်နိုင်ငံ ၀န်ကြီးချုပ်များ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
မြန်မာ့ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်ပြည်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ တခု အဖြစ်ရှိပြီး ၂၀၀၉ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိကာ ရင်းနှီးမြုပ်နှံမှုကဏ္ဍ တွင် ယခုနှစ် ဇန်န၀ါရီလ အထိ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
မကြာသေးမီ နှစ်များက စတင်၍ တရုတ်နှင့် မြန်မာသည် ရေအားလျှပ်စစ်၊ စွမ်းအင်၊ သတ္တု တူးဖော်ရေး၊ ဆက်သွယ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်းနှင့် အခြေခံအဆောက်အဦများ၊ ယဉ်ကျေးမှု၊ သတင်းနှင့် အားကစားကဏ္ဍတို့တွင် ပိုမို ပူးပေါင်းဆောင်ရွက်လာသည်။
မော်ရွှေမြိုင်
woensdag 8 september 2010
ပခူးဈာပန စစ်တပ်မောင်ပိုင်စီး
စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့ရသော ပဲခူးမြို့မှ လူငယ် ၂ ဦး၏ ဈာပနကို ယနေ့ ကျင်းပရာ အာဏာပိုင်များက မိသားစုဝင်များကို သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ကြည့်ရှုခွင့်မပြု ခဲ့ကြောင်း သိရသည်။
“ညီလေးရဲ့ နောက်ဆုံး ရုပ်ကလာပ် ကိုတောင် မြင်ခွင့်မရှိပါဘူးဗျာ။ ရေခဲတိုက်က ထုတ်တော့လည်း အရပ်ဝတ် လုံခြုံရေးတွေ ဦးစီးပြီး ကြက်ခြေနီတွေက ထုတ်တယ်။ ကျနော်တို့က အပြင်က စောင့်နေရတယ်။ သုသာန် မှာလည်း အခေါင်းနားကို မိသားစု ကပ်ခွင့် မပေးဘူး။ သရဏဂုံ တင်ပြီးတာနဲ့ သူတို့ဟာ သူတို့ မီးရှို့စက်ထဲ ထည့်ပစ် လိုက်ကြတာ” ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။
လွန်ခဲ့သော စနေနေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ စစ်တပ်အရာရှိ စီးနင်းလာသည့် ဆိုင်ကယ်နှင့် အရပ်သားများ စီးနင်းလာသည့် သုံးဘီးဆိုင်ကယ် တိုက်မိရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးနောက် စစ်အရာရှိက တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများကို ပစ်ခတ်စေခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) က သေနတ်ဒဏ်ရာ ၆ ချက်၊ မောင်စိုးပိုင်ဇော် (၁၉ နှစ်) က သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
“ပစ်မိန့်ပေးတာက ဗိုလ်ချုပ်တဦးရဲ့ သား ဗိုလ်ကြီးသိဒ္ဓိစိုးလို့ ကြားတယ်။ ပစ်တဲ့သူက ကလေးစစ်သားအဖြစ် စုဆောင်းခံထားရတဲ့ တပ်သား အဆင့်ရှိ မောင်ထွန်းပါ။ မောင်ထွန်းကတော့ သူပစ်တယ်လို့ ၀န်ခံတယ်လို့ ကြားတယ်” ဟု ခလရ ၅၉ တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။
ပဲခူးမြို့အတွင်း အရပ်သားများအား ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က ပစ်ခတ်မှုတွင် ပါဝင်သူများအား အရေးယူမှုရှိ မရှိ သတင်းမထုတ်ပြန် သော်လည်း စစ်အစိုးရ ထိန်းချုပ်သည့် ရေဒီယို အသံလွှင့်ဌာနများကမူ အရပ်သားများက သေနတ်ဝင်လုသဖြင့် ပစ်ခတ်မှုဖြစ်ပွားရသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒီကိစ္စအပေါ်မှာ ပစ်မိန့်ပေးသူနဲ့ ပစ်သူတွေကို ဘယ်လိုအရေးယူနေပါတယ် ဆိုတာမျိုးတော့ မထုတ်ပြန်ဘဲ၊ ကလေးတွေက သေနတ်ဝင်လုပါတယ်လို့ FM တွေမှာ ပြောနေတယ်ဗျာ။ တကယ်တမ်းက ဇိုင်းဂနိုင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို တောင်ပိုင်းအထိ လာပစ်သွားတာ။ သေနတ်လုလို့ ပစ်တယ်ဆိုရင် မြောက်ပိုင်းမှာတင် အပစ်ခံရမှာပေါ့” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။
ပစ်ခတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများကို ရယက အဖွဲ့ဝင်များနှင့် စစ်တပ်တို့ ပူးပေါင်းကာ ညတွင်းချင်း ဖျောက်ဖျက်ခဲ့သည်ဟု ယူဆရကြောင်း၊ ရင်ခွဲရုံတွင် ထားရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသော်လည်း အခေါင်းကိုသာ မြင်ခွင့်ရခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။
ပဲခူးဆေးရုံကြီးအတွင်းရှိ ရင်ခွဲရုံမှ ဆင်ဖြူကွင်း သုသာန်သို့ သွားရာလမ်းတလျှောက်တွင်လည်း လုံခြုံရေးရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများက စောင့်ကြပ်နေကြောင်း လိုက်ပါပို့ဆောင်ခဲ့ သူများထံမှ သိရသည်။
“မနက်ခင်းကတည်းက ဆေးရုံကြီးရှေ့က လမ်းကို ပိတ်ထားတယ်။ လမ်းတလျှောက်မှာလည်း ရဲတွေ ချထားတယ်။ နောက်ပြီး “ဆူပူမှုဖြစ်ရင် ပစ် ဆိုပြီး ရဲတွေကို အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဆိုတော့ တချို့ကလည်း လိုက်မပို့ရဲကြတော့ဘူး။ မြို့ခံတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဟိုတလောကလည်း ရဲက အရပ်သားကို ထိုးကြိတ် ရိုက်နှက်တယ်၊ အခုလည်း စစ်တပ်က မြို့ထဲအထိ ၀င်ပြီး ပြည်သူကို ပစ်သတ်သွားတာကိုး။ ဒါ စစ်ရာဇ၀တ်မှုပဲပေါ့ဗျာ” ဟု နာရေးပို့ဆောင်ခဲ့သူ တဦးက ပြောသည်။
စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှု ကျူးလွန်လေ့ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြလေ့ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကလည်း လွန်ခဲ့သည့် မတ်လအတွင်းက မြန်မာစစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ် မှုများကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးရန် အကြံပြု တောင်းဆိုထားသည်။
အဆိုပါအကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက် ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ ၊ စလိုဗက်ကီးယားနှင့် ကနေဒါနိုင်ငံတို့က ထောက်ခံထားပြီးဖြစ်သည်။

zaterdag 4 september 2010
ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...
Sunday, September 5, 2010
ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...
ကျနော် ခုတလော တော်တော်တွေးမိနေတဲ့ အကြောင်းအရာတခုရှိပါတယ်။ အခြားသူတွေတော့ ဘယ်လို တွေးမိကြမလဲ မသိပါဘူးဗျာ။ ကျနော် တွေးမိတာကတော့ “တကယ်လို့များ ကျနော်သာ မြန်မာပြည်တွင်းမှာ နေထိုင်တဲ့သူတယောက်လည်းဖြစ်မယ်၊ အနုပညာသမားတယောက်လည်းဖြစ်မယ်ဆိုရင် စစ်အစိုးရရဲ့ဝါဒဖြန့် ရုပ်ရှင်တွေ၊ သီချင်းတွေကို စစ်အစိုးရအလိုကျ ဆိုမှာလား ရေးမှာလား၊ မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။
အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်တွေလည်း သိကြပါတယ်။ ဒီလိုအ နေအထားကို အကြောင်းပြပြီး လုပ်မိကိုင်မိတဲ့ အနုပညာရှင်တွေက ကြောက်ရွံ့ရလို့ မိမိရဲ့ဥစ္စာပစ္စည်းဓန၊ နာ မည်ဆုံးရှုံးမှာစိုးလို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ်လို့ ဆို လာကြပါတယ်။
ကျနော်သာ နာမည်ကြီး သရုပ်ဆောင်မင်းသားဖြစ်မယ်၊ နာမည်ကြီး အဆိုတော်ကြီးဖြစ်မယ် ဆိုရင်ကော ဆိုမ လား ကမလား၊ မဆိုရင် ဒုက္ခတွေ့တော့မယ်ဆို ဘယ်လိုလုပ်မလဲ။ ကိုယ်က နာမည်ကြီးသရုပ်ဆောင်၊ နာမည် ကြီး အဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြော တယ်လို့လည်း အထင်မရောက်ကြပါနဲ့။ ကျနော်သာဆိုရင် ဘယ်လိုရပ်တည်မလဲ။ ဆိုရမလား၊ ရိုက်ရမလား၊ ရေးပေးရမလား၊ တီးမှုတ်ပေးရမလား၊ မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေးအမျိုး မျိုးရဲ့ ဒုက္ခပေးခြင်းကို ခံနိုင်မလား တွေးမိနေတာပါ။
ဒီလိုဗျာ၊ ဟိုအရင် ကျနော်တို့ မမီလိုက်ပေမယ့် သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အပျက်တွေထဲ က ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ၊ မိမိအမျိုးသားတွေကို ဇာတိ မာန်တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ၊ ဆိုခဲ့ ကခဲ့တဲ့သူတွေကိုရော အင်္ဂလိပ်အစိုးရမင်းများနဲ့ အ လိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင် တာကတော့ ‘ဒို့ဗမာ’ သီချင်း၊ ‘နဂါးနီ’ သီချင်း၊ ‘မီးဒုတ်’ သီချင်း ... အစရှိတဲ့ ကျနော်မသိတဲ့ သီချင်းတွေရော ဟာ ခုလွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထင်ဟပ် တက်ကြွစေနိုင်တုန်းပါ။
ကိုလိုနီနယ်ချဲ့အစိုးရ အလိုတော်ကျ ပေါ်လစီသီချင်းတွေ၊ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဘွဲ့သီချင်းတွေက တော့ ကြားတောင်မကြားဖူးတော့ပါဘူး၊ ဘယ်သူတွေ ရေးလို့ ဘယ်သူတွေ ဆိုခဲ့တယ်ဆိုတာလည်း မသိကြ တော့ပါဘူး။ အဲဒီလူတွေအနေနဲ့ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော သူတို့ အဲဒါတွေ ရေးခဲ့ ဆိုခဲ့ပါတယ် လို့ မရှက်မကြောက် ပြောရဲရေးရဲပါ့မလား။ အဲ့ဒီတုန်းက ငါက၊ ငါ့အဖေက၊ ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ၊ ဘုန်းတော်ဘွဲ့သီချင်းတွေ ရေးခဲ့သူ၊ ဆိုခဲ့သူပါရယ်လို့ ကြေညာရဲပါ့မလား။
အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမယ့် အခုစစ်အစိုးရလောက် ဖိနှိပ်မှုမရှိလို့ ဇာတိမာန်သီချင်းတွေ သီဆို ခဲ့ကြတာ ထင်ရှားပြီး တမျိုးသားလုံး အသည်းစွဲဖြစ်ခဲ့ရတာလို့ ပြောရင်လည်းပြောပါ။ ကျနော်ထင်တာတော့ စစ်အစိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လည်း မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး မ ထားနိုင်တာကြောင့်ရယ်၊ ဆိုလိုက်ရေးလိုက်လည်း ပြီးတာပါပဲကွာ၊ ကိုယ်က နိုင်တာမှမဟုတ်တာ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး၊ အများမိုးခါးရေသောက် ကိုယ်လည်း သောက်လိုက်ပေါ့၊ ကိုယ့်ဒုက္ခမပေးရင် ကိုယ့်မိသားစု ဒုက္ခ မပေးရင် တော်ပီဆိုတဲ့သူတွေက အများစုဖြစ်နေလို့ လို့ထင်ပါတယ်။ အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့ အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို လုပ်မယ်ဆိုတဲ့ အခွင့်အရေး ရှေ့တန်းတင် အနုပညာသ မားတွေက ဦးဆောင်ပါဝင်တာပါ။
ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့ အစိုးရ၊ နိုင်ထက်စီးနင်း အစိုးရ၊ ပြည်သူလူထုကြီး ကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့ အစိုးရ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော အစိုးရ၊ ဒီအစိုးရကို ဆန့်ကျင်ဖို့ တော် လှန်ဖို့ နှမ်းတစေ့နဲ့ ဆီမဖြစ်သော်လည်း နှမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး၊ မတရားမှု မမျှတမှုကို ငါ့အခွင့်အရေး ဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး မထားနိုင်ရင်တောင်မှ မီးလောင်ရာလေမပင့်ဘူး၊ အဆိပ်ပင် ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ် ရှောင်တဲ့သူတွေ လည်းရှိတာပါပဲ။
နောက်ဆုံး ကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေ ပိတ်ပင်ထားရင်တောင် အခြားသော ရရာနည်း လမ်းတွေနဲ့ ဖော်ထုတ်နိုင်တာပါပဲ။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို စစ်အစိုးရ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။
ကျနော်က ကျည်ကွယ်မျက်ကွယ်ကနေပြီး လက်သီးလက်မောင်းတန်းနေတယ်လည်း ထင်ခံရပါဦးမယ်။ ကျ နော်လည်း မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရားမှုကို နည်းနည်းမှမကြိုက်သူမို့ စစ်အစိုးရကို အားပေးကူ ညီသူတွေကိုလည်း မကြိုက်ပါ။ မကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ်။ စစ်အစိုးရ ဘက် တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး။ သူတို့သီချင်း ဘယ်လောက်ကြိုက်ကြိုက် နားမထောင်ချင်တော့ပါဘူး။ ဒါ ကျနော်တို့ ပရိသတ်အခွင့်အရေးပါ။
ကျနော်တို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကျနော့် စိတ်ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး။ ဟိုတုန်းကတော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူ့ရပ်တည်ချက် ပြောင်းသွားတာကို ကြည့်ပြီး စိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့် ကျင်ပါတယ်။ ဒါ ပရိသတ်တယောက်ရဲ့ အခွင့်အရေးပါ။ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။
ပုဂ္ဂိုလ်ရေး အငြှိုးအတေး အာဃာတရယ်တော့ မရှိပါဘူး။ သို့သော်လည်း သူ့ကိုအားပေးမှုကို လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရာရောက်မယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ပေါ်လစီကားတွေ၊ သီချင်းတွေကို ကြောက် လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလည်း သီဆိုပါ။ သူ့အနုပညာကို အသုံးချပြီး စစ်အစိုးရအ တွက် လုပ်ပေးတယ်၊ အထောက်အကူပြုတယ်ဆိုရင် ကျနော်တို့ကလည်း သူ့အနုပညာအားလုံးကို အားမပေး ရုံပါပဲ။ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူတွေကိုလည်း ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဘက်က အမြဲရပ်တည် ပြီး အနုပညာဖန်တီးသူတွေကိုတော့ အမြဲအားပေးရမှာပေါ့ဗျာ (ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီးက သီချင်းရေးဆိုပဲ)။
ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့၊ မင်းမော်ကွန်းတို့၊ ထွန်းထွန်းတို့ဆိုလည်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာမရှိပါဘူး။ ၀ိုင်းစုခိုင်သိန်းတို့၊ ရဲလေးတို့ဆိုလည်း မုန်းတဲ့စိတ် မဖြစ်မိပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အနုပညာစွမ်းပကား နဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှုကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။
လူသားချင်းအနေနဲ့ကတော့ နားလည်စာနာနိုင်ပါတယ်။ သူတို့ရဲ့အခက်အခဲကို သို့သော်လည်း တနိုင်တပိုင် ဆန္ဒပြမှုပဲဖြစ်ဖြစ်၊ တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်းတော့ မိမိတို့ရဲ့ လွတ် လပ်မှုကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ (ဆန့်သာဆန့်ကျင်ရတယ် ၀ိုင်းစုခိုင်သိန်းလေးကိုတော့ အားအနာဆုံး ပါပဲ)။ သူတို့ကို ပုဂ္ဂိုလ်ရေး လုံးဝမုန်းတီးမှုမရှိဘဲ သူတို့ရဲ့အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။
ကျနော် စိတ်ကြီးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။
ကိုချစ်ဖေ
maandag 19 oktober 2009
Abonneren op:
Posts (Atom)